ပြဿနာ
အစပေါ်လာခြင်း
ကျောင်းသားဖြစ်ပြီးဆိုတော့
ပျော်ပြီးပေါ့။ ဒီလိုနဲ့ ဒီကို တက္ကသိုလ်လာတက်ချင်တဲ့ သူငယ်ချင်းတွေကိုလည်း ခေါ်ကြ။ ကျောင်းအပ်ကြနဲ့
ပထမ ခြောက်လအတွင်း အလုပ်ကို ရှုပ်နေကြတာပဲ။ အားလုံးပေါင်း စာရေးသူတို့အပါအ၀င်း ကျောင်းသား
20 ကျော်သွားတယ်။ နောက်မှ မရတဲ့သူတစ်ချို့ပြန်သွားတာတွေလည်း ရှိပါတယ်။ ကျောင်းသား
20 ကျော်မှာ 10 ပါးက နာဂပူတက္ကသိုလ်၊ နောက်
10 ပါးက နာဂပူမြို့နဲ့ 45 ကီလိုမီတာလောက်ဝေးတဲ့ ရာမတေ့က် (Ramtek) မြို့မှာ ရှိတဲ့
K. K. Sanskrity တက္ကသိုလ်မှာ တက်တယ်။ နာဂပူမှာ မရတော့လို့ အဲဒီကို ပြောင်းလိုက်တာပါ။
ဒီလိုဖြင့်
စာရေးသူတို့သည် နေရင်း ထိုင်ရင်း စားရင်း သောက်ရင်း ကျမ်းအတွက် စာတွေရေးရင်း စောင့်လာခဲ့ကြတာ
တစ်နှစ်ပြည့်လုနီးပါး အချိန်ရောက်လာခဲ့တယ်။ approval က ကျမယ် ကျမယ်နဲ့ ဟော 2011 ဇွန်လိုင်လအစမှာပဲ
မထင်မှတ်တဲ့ သတင်းတွေ အပြောင်းအလဲတွေ ထွက်လာတယ်။ အဲဒါကတော့ 2010 ဇွန်လ ဆက်ရှင် (session) မှ၍ admission တင်ပြီးသားရော မတင်ရသေးတဲ့ ကျောင်းသားရော
အကုန်လုံး ဒေါက်တာဝင်ခွင့် (PET- Ph.d Entrance Test) ဖြေရမယ်တဲ့။ တကယ်တော့
ph.D ကျောင်းသားများ ၀င်ခွင့်ဖြေရမယ် ဆိုသော စည်းမျဉ်းသည် ဟိုးအစောပိုင်းကတည်းက
UGC (တက္ကသိုလ်များ အုပ်ချုပ်ရေးအဖွဲ့) က ထုတ်ထားတယ်တဲ့။ သို့သော် ထိုစည်းမျဉ်းကို တက္ကသိုလ်အများစုက အခြေအနေစောင့်ကြည့်ပြီး
အကောင်အထည်မဖေါ်သေးဘဲ နေခဲ့ကြတယ်တာတဲ့။
အစကတော့
စာရေးသူတို့ မပါသလိုလိုနဲ့ နောက်ပိုင်း စာရေးသူတို့ပါ ပါဝင်လာတော့ စိတ်ဆင်းရဲရတော့သည်။
သို့နှင့် နီးကပ်မှ သိရသဖြင့် အပြေးအလွားဝင်ခွင့်ဖေါင် တင်လိုက်ရသည်။ ၀င်ခွင့်ဖေါင်
နောက်ဆုံးအချိန် နောက်ဆုံးမိနစ်မှပင် ဖြစ်တော့သည်။ အစကတော့ စာရေးသူတို့ မှန်းထားတာ
ဘာပြောပြော Buddhism နှင့်ပတ်သက်တဲ့အကြောင်းတော့ အောင်မှတ်လောက်တော့ပါ မှာပေါ့။ ကျန်တာကတော့
တခြားဘာသာရပ်တွေပေါ့။ တကယ်လက်တွေ့ဖြေတဲ့နေ့မှာတော့ စာရေးသူတို့နှင့် ဆိုင်တဲ့
Buddhism တစ်လုံးတောင် မပါဘူး။ အထွေအထွေဗဟုသုတနဲ့ စာရေးသူတို့နားမလည်နိုင်တဲ့
science, maths, Logic စတာတွေနဲ့ပဲ ပါလာတော့ စာရေးသူတို့မှာ ငကန်းကို လမိုက်ညမှာ လမင်းကြီးကို ကြည့်ခိုင်းနေသလိုဖြစ် သွားတော့သည်။
ရှင်းရှင်းပဲ စာရေးသူတို့ မြန်မာကျောင်းသား 12 ပါးဖြေတာ တစ်ပါးမှ မအောင်မြင်ခဲ့ပေ။
ဖြေရတာလည်း online & computer နဲ့ ဖြေရသည်။ မိနစ် (၉၀)ပေးပြီး မေးခွန်း(၈၀) ဖြေရသည်။
အမှားအမှန်ခြစ် သဘောမျိုးဖြစ်သည်။ သို့သော် ကိုယ်မသိတဲ့ ဘာသာရပ် တွေကို ဘယ်သို့ဖြေရ
မည်နည်း။ အချိန်အများကြီးပေးလည်း မရနိုင်ပေါင်။
ဤနေရာမှာ
စာရေးသူတို့က မိမိတို့၏ ၀င်ခွင့်မအောင်မြင်မှုအတွက် အဆင်ခြေပေးနေတာ တော့မဟုတ်ပေ။ ကိုယ်ကျွမ်းကျင်
လေ့လာဖူးခဲ့နယ်ပယ်ဒေသ ပညာရပ်မဟုတ်ရင် မည်မျှလွယ် စေကာမူ ဘယ်လိုအခြေအနေရှိမယ်ဆိုတာ စာဖတ်သူတို့
မှန်းနိုင်လောက်ပါသည်။ တကယ်တမ်း အားဖြင့် ဒီစည်းမျဉ်းသည် စာရေးသူတို့ တက္ကသိုလ်၌သာလျှင်
ကျင့်သုံးရသည်မဟုတ်၊ အိန္ဒိယ တစ်နိုင်ငံလုံးရှိ (UGC- University Granted
Committee) လက်အောက်ခံ တက္ကသိုလ်အားလုံး စည်းမျဉ်းအတိုင်း လုပ်ရသည်။ သို့သော် တခြားတက္ကသိုလ်တွေမှာ
ကိုယ့်ဆိုင်ရာ ဘာသာရပ်ကိုပဲ ကိုယ့်ဌာနမှာ ဖြေရသည်။ စာရေးသူတို့ တက္ကသိုလ်က ထိုသို့မဟုတ်၊
အားလုံးနှင့်သက်ဆိုင်သော ဘာသာရပ်တစ်တစ်ခုကိုသာ ကိုယ်စားပြုသည်မဟုတ်သော မေးခွန်ပုံစံမျိုး
(common questions) ကို လုပ်ပစ်လိုက်တော့ စာရေးသူတို့ အခက်တွေ့သွားကုန်သည်။ မေးခွန်ကတော့
သိပ်ခက်လှချည်း မဟုတ်ဟု ထင်ရသည်။ သို့သော် စာရေးသူတို့၏ ပညာရေးနောက်ခံ (Education
Background) နှင့် လားလားမျှ မတူညီသောကြောင့် ဘယ်လိုနည်းနဲ့မျှ မရနိုင်ပေ။ စာရေးသူတို့အနေဖြင့်
ဗုဒ္ဓဘာသာနဲ့ ပတ်သက်လာရင် မေးခွန်း (၈၀)မပြောနဲ့ (၁၅၀) လောက် မေးလည်းဘာမှ မဖြစ်ဘူးလို့။
ဒီ
PET (Ph.d Entrance Test) 2011 ဇွန်လှိုင်လမှ စတင်၍ တစ်နှစ် နှစ်ကြိမ် ကျင်းပသည်။ စာရေးသူတို့
စတင်ဝင်ရောက်တာက 2010 ဇွန်လှိုင်လဖြစ်သည်။ စာရေးသူတို့နှင့် တစ်နှစ်ကြာမှ ဒီစည်းမျဉ်းစတင်တယ်ဆိုတာ
သိနိုင်သည်။ ဤသို့ဖြင့် စာရေးသူတို့သည် ၀ါရီ (worry) များရတော့သည်။ ဘယ်လို့လုပ်ရမှာနည်း။
ဤ အခြေအနေမှာ စာရေးတို့အတွက် ဒုက္ခိတကို ပျားတုတ်၊
နွားပိန် ချောင်ပိတ်ရိုက်ခံရသလို ဖြစ်နေသည်။ နေလာခဲ့တာလဲ တစ်နှစ် နီးပါး ရှိပြီး။
ကျောင်းလခ ရူပီ ၂၅၀၀၀ (ဒေါ်လာ ၆၀၀ နီးပါး) လည်းထည့်ပြီး ပြီ။ ရှေ့မတိုးသာ နောက်မဆုတ်သာ
ဖြစ်တော့သည်။ သူတို့ကလည်း ဒီစာမေးပွဲမှ မအောင်ရင် approval letter ထုတ်မပေး သလိုလုပ်နေသည်။
နောက်တက္ကသိုလ်တစ်ခု ပြောင်းဖို့ဆိုတာလဲ ပြောသလောက် မလွယ်ကူချေ။ ဒါကြောင့် စာရေးတို့အဖွဲ့
က ဒီပြဿနာကို နည်းလမ်းရှာ ဖြေရှင်းဖို့သာ ရှိတော့သည်။
ပြဿနာကို ရင်ဆိုင်ခြင်း
စာရေးသူတို့သည်
ဝင်ခွင့်အဖြေထွက်ပြီး နောက်တစ်ရက် 2011 ဇွန်လိုင်လ(13) နေ့မှာ တက္ကသိုလ် ပါမောက္ခချုပ်အား
စာရေးသူတို့၏ အခြေအနေ အခက်အခဲကို သွားရောက် တင်ပြကြသည်။ အဲဒီတုန်းက စာရေးသူတို့ နာဂပူတက္ကသိုလ်ကျောင်းသားတွေသာမက
K.K Sanskrity တက္ကသိုလ်ကျောင်းသားလည်း ပါသည်။ အားလုံးစာရေးသူတို့ မြန်မာကျောင်းသားစုစုပေါင်း
အပါး(၂၀)၊ နောက် ထိုင်းကျောင်းသားတွေ ၁၀ ကျော်လောက်ရှိတယ်။ စာရေးသူတို့ အားလုံးတိုင်ပင်ပြီး
ပါမောက္ခချုပ်ကြီးကို သွားတွေ့သည်။ တကယ်တမ်း ပါမောက္ခကြီးနဲ့တွေ့ဖို့ ငါးယောက်ပဲ ၀င်ခွင့်ပြုသည်။
ကျန်တဲ့ကျောင်းသားများ အပြင်မှာပဲ စောင့်နေရသည်။ အဲဒါ စာရေးသူတို့ မြန်မာကျောင်းသား
သုံးယောက် ထိုင်းကျောင်းသား နှစ်ယောက် ပါမောက္ခနဲ့ဝင်တွေ့ပြီး စာရေးသူတို့၏
requesting letter (သနားခံစာ) ကိုပေးအပ်ခဲ့ပြီး စာရေးသူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ
အကြောင်းကို ပြောပြသည်။ စာရေးသူတို့ ဒီမှာရောက်တာ တစ်နှစ်ရှိပြီးဖြစ်ကြောင်း၊ ကျောင်းကြေးလည်းပေးပြီးဖြစ်ကြောင်း၊
admission form ကိုလည်း 2010 ဇွန်လိုင်လကတည်းက တင်ပြီးဖြစ်ကြောင်း၊ ဒီစည်းမျဉ်း ကြောင့်
စာရေးသူတို့ စိတ်ပျက်ရပါကြောင်း၊ ဒီစည်းမျဉ်းအတိုင်း လုပ်မယ်ဆိုရင်လည်း စာရေးသူတို့
ဘာသာရပ်နှင့် ဆိုင်သော မေးခွန်းမျိုးကို မေးစေလိုကြောင်း၊ တက္ကသိုလ်စရောက်တုန်းက ဒီ
စည်းမျဉ်း မရှိခဲ့ကြောင်း၊ ရှိခဲ့လျှင် လာဖြစ်မည်မဟုတ်ကြောင်း၊ ခုမှ နောက်ဆုတ်ဖို့ဆိုတာလည်း
များစွာနစ်နာ မည်ဖြစ်ကြောင်း စသဖြင့် တင်ပြခဲ့သည်။ သူနဲ့ အကြာကြီးတော့ ပြောခွင့် မရခဲ့ပါ။
သူကလည်း
သူ့ဘက်က ဒါကို အဲဒီလိုတော့ မလုပ်ပေးနိုင်ကြောင်း ဒီမေးခွန်းတွေဟာ ဘာသာရပ်တစ်ခုခု၊ ဒါမှမဟုတ်
ဌာနတစ်ခုခုကိုရည်ရွယ်ထုတ်တာ မဟုတ်ကြောင်း၊ ထို့ပြင် သင်တို့ ဘာသာရပ်အတွက်ကိုသာ မေးခွန်းထုတ်ဖြေနိုင်မယ်ဆိုရင်
တခြားသော ဘာသာရပ်က ကျောင်းသား တွေလည်း ဒီလိုပဲ တောင်းဆိုလာနိုင်ကြောင်း အဲဒီလိုဆိုရင်
တက္ကသိုလ်က လုပ်မပေးနိုင်ကြောင်း ဒါကြောင့် အများနဲ့ သက်ဆိုင်သော (common
questions)ကိုသာ ပြုလုပ်ထားဖြစ်ကြောင်း စသည်ဖြင့် စာရေးတို့ကို ပြောပြပြီး ပြန်လွတ်လိုက်သည်။
သူနဲ့ ၁၀ မိနစ်ခန့်သာ ပြောခွင့်ရခဲ့သည်။
ဒီလိုဖြင့်
စာရေးသူတို့ သေချာတဲ့ အဖြေမရဘဲ ပြန်ထွက်လာခဲ့ကြသည်။ အဆောင်ရောက်တော့ စာရေးသူတို့ တိုင်ပင်ကြပြီး
ဒီလိုဆိုရင်တော့ မဖြစ်နိုင်ဘူး။ ဒို့တွေ ဘယ်နှစ်ကြိမ်ဖြေဖြေ အောင်နိုင်ဖွယ် မရှိဘူး။
တစ်ယောက်တစ်လေ ကံကောင်းလို့အောင်ရင်တောင် ကျန်တဲ့သူတွေ ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့်
ဒီစာမေးပွဲမှ ဖြေခွင့်လွတ်အောင် လုပ်ကြရုံသာ ရှိတော့တယ်။ ဒီလိုဖြင့် စာရေးသူတို့သည်
စာရေးသူတို့၏ Supervisors (ကြီးကြပ်ရေး) များကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်း
ရသည်။ ကံကောင်းတယ်လို့ ဆိုရမလားမသိ၊ စာရေးသူတို့ Supervisors များသည် ဗုဒ္ဓဘာသာဝင် တွေဖြစ်နေကြတော့
ဒီအပေါ် အာရုံစိုက်မှုရှိခဲ့သည်။ သူတို့ကလည်း ဒီကိစ္စရှင်းအောင် အဆင်ပြေအောင်လုပ်ပေးမည်ဟု
ပြော၍ စိတ်သက်သာရာရခဲ့သည်။ လုပ်ပေးမည်၊ အချိန်တော့ ကြာမည်ဖြစ်သည်။ ဒီလိုဖြင့် စာရေးသူတို့သည်
အချိန်ကာလဆိုတာကို စောင့်ဆိုင်းရတော့သည်။ ထိုအချိန်မှစ၍ စာရေးသူတို့အားလုံး စိတ်ဓာတ်ကျကုန်သည်။
စာလုပ်ချင်စိတ်မရှိတော့ချေ။ လုပ်ထား ခဲ့တဲ့စာတွေကိုလည်း ပစ်ထားလိုက်တော့သည်။ ဒီကိစ္စအဆင်မပြေမချင်း
စာလုပ်နိုင်မှာမဟုတ်ပေ။ Supervisors တွေကလည်း အဲဒီအချိန်ကစပြီး သူတို့လုပ်နိုင်သမျှ
အတိုင်းအတာကို လုပ်ဖို့စတင် လှုပ်ရှားတော့သည်။ နောက်လာမည့် Academic အစည်းအဝေးမှာ ဒီကိစ္စကို
တင်ပြပြီး အဆင်ပြေ အောင် လုပ်မည်ဟု ပြေသည်။ စာရေးသူတို့သည် နောက်လာမည့် တက္ကသိုလ်အစည်းအဝေးကို
တမျှော်မျှော်ဖြင့် စောင့်နေရတော့သည်။ ဒီနည်းဖြင့် တစ်လပြီး တစ်လ အချိန်ကုန်လွန်ခဲ့သည်။
အိပ်မပျော်သောသူအတွက် ညတာရှည်၏သကဲ့လို့ မျှော်နေသော
စာရေးသူတို့ဖို့လည်း တစ်ရက်တာ ဟာ တစ်သက်စာပမာ ရှည်လှပါ၏။ သို့သော် အမေးရှိတော့
အဖြေရှိရသည်၊ ပြဿနာရှိတော့လည်း ပြဿနာပြေကြောင်း ရှိကို ရှိရမည် ဟု ယုံကြည်သည်။ သို့သော်
စိတ်ရှည် သည်းခံရမည် ဖြစ်သည်။
မျှော်သူနေသူတစ်ဦးရဲ့
ရင်လှိုင်းခတ်သံ
ဤသို့နှယ်
စာရေးသူတို့ စောင့်လာခဲ့တာ ရာသီတွေပြောင်း လပေါင်းကုန်လွန် ပြက္ခဒိန်စာရွက် တွေလည်း
တစ်ရွက်ပြီးတစ်ရွက် စုတ်ပြတ်ဟောင်းနွမ်း ခဲ့ရပြီး။ စောင့်ခဲ့ရလို့ ကုန်ခဲ့သောအချိန်တွေ
ဟာ ကမ္ဘာ့အပြေးချိန်ပီယံ ဟူစိန်ဘောတ်အတွက် နှမြောစရာ ရွှေထုပ်များဖြစ်နေမလား
တောင် စဉ်းစားနေမိတယ်။ စာရေးသူတို့အတွက်တော့ စုတ်ပြတ်သွားတဲ့ ပြက္ခဒိန်စာရွက်ဟောင်း
တစ်ရွက်မျှသာ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကာလအတွင်းမှာ ညဉ်းညူသံတွေ၊ နောင်တသံတွေ၊ စိတ်ပျက်အားငယ်သံတွေနှင့်အတူ
စောင့်နေရသူတစ်ဦးရဲ့ ရင်ထဲက ဘယ်သူမှ မကြားနိုင်တဲ့အသံတွေဟာ ကေသရာဇာ ခြသေ့င်္မင်းကြီး
ဟိန်းဟောက်သံထက်တောင် ကျယ်လောင်နေသလား။ သို့သော် ငါရွေးချယ်ခဲ့တဲ့လမ်းပဲဆိုပြီး ကိုယ့်ရင်ဝကို ကိုယ်ဖိရင်း အားနည်းလှ ကိုယ့်ကြမ္မာကိုပဲ
ရိုးမယ်ဖွဲ့ကာ စောင့်နေခဲ့ရတယ်။
2010
က 2011, 2011 က 2012 ရောက်လာပြီး။ 2012, (3) လပိုင်းလောက်မှာ အပျင်းဖြေဖို့ မွေးမြေသို့
တစ်ခေါက် အလည် ပြန်ရောက်ခဲ့ပြန်တယ်။ အနိုင်ပိုင်းပြီးပြန်လာရမယ့် အချိန်အခါမျိုးမှာ
အရှုံးအနိုင်မပေါ်တဲ့ အားကစားသမားတစ်ဦးရဲ့ ကစားကွင်းမှ ထွက်ခွါခဲ့ရတဲ့ ခြေလှမ်းဟာ အောင်မြင်တဲ့ခြေလှမ်းမျိုးတော့
ဘယ်သွက်လက်ပါ့မလဲ။ အော် သို့သော် အဝေးကွင်းမှာ ကန်ရတာ လို့သာ ဖြေသာပြီး အိမ်ပြန်ခဲ့ရတာပေါ့။
သန္ဓိဋ္ဌာန်တစ်ဝက် နှင့် အားဆေးတစ်ခွက်
အမိမြေမှာ
သုံးလကျော်လောက် ကြာခဲ့တယ်။ ထိုအတောအတွင်း တက္ကသိုဘ်ဘက်ကို နားစွင့်ရင်း သတင်းနားထောင်ခဲ့တယ်။
ကြားရပြီး။ 2012 ဇွန်လ ရဲ့ တစ်ရက်သောနေ့မှာပေါ့။ နာဂပူတက္ကသိုလ်က နိုင်ငံခြားသားကျောင်းသားများကို
Examption (၀င်ခွင့်ဖြေဆိုခြင်းမှ ကင်းလွတ်ခွင့်) ပေးလိုက်ပြီးတဲ့။ ကဲ ကောင်းလိုက်တဲ့
သတင်း၊ အားဆေးတစ်ခွက်ထက်တောင် အစွမ်းထက်သေး။ အောက်ရောက်လုနီးပါး ကျနေတဲ့စိတ်ဓာတ် အပေါ်သို့
ပြန်တက်လာခဲ့ပြီး။ ဒါပေမယ့် အဲဒါ လာမည့် ကျောင်းသားအသစ် အတွက်တဲ့။ ကျောင်းသားဟောင်းတွေအတွက်
သိပ်မသေချာဘူး။ ဟော- အားဆေးထဲမှာ နည်းနည်း ဘာမီတွန်ပါတယ်။ အိပ်ငိုက်စရာပဲ။ 2012 ဇွန်လိုင်လ
23 ရက်နေ့မှာ အမေ့အိမ်မှာ အိန္ဒိယသို့ ဒီတခါ
Ph.D မပြီးမချင်း မပြန်ဘူးကွ ဟူသော သန္ဓိဋ္ဌာန်တစ်ဝက်ဖြင့် ထွက်ခွါလာခဲ့ပြန်တယ်။
အထူးသတင်းကောင်း
ခုတော့
ပြဿနာတစ်ဝက်ရှင်းပြီးလို့ ဆိုနိုင်သွားပါပြီး။ တကယ်တော့ ပြဿာနာက လေးပုံ သုံးပုံးလောက်တော့
ရှင်းပြီးလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရေးကို အားထုတ် ဖြေရှင်းပေးတဲ့
ဆရာကြီးတွေရော ဌာနမှူးကပါ အားလုံး အိုကေပြီးလို့ ပြောတဲ့အတွက်ကြောင့် တကယ်လည်း ခု
VC (Vice Chancellor) တက္ကသိုလ်ပါမောက္ခချုပ်ကိုလည်း စာရေးသူတို့ ကိုယ်တိုင် သွားတွေ့ပြီး
ဒီကိစ္စကို ဖြေရှင်းပေးနိုင်တဲ့အတွက်ကြောင့် ကျေးဇူးတင်စကားသွားပြောပြီးပါပြီး။ ဒါကြောင့်
သုံးပုံ တစ်ပုံပြေ ပြီးလို့ ပြောတာပေါ့။ တစ်ပုံ မပြေနိုင်သေးတာက approval letter လက်ထဲ
မရောက်သေးတာကြောင့်ပါ။ တက္ကသိုလ်ဘက်ကလည်း လာမည့် ၂၀၁၂ အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလ
လောက်ဆိုရင် စာရေးသူတို့ကို လူတွေ့စစ်ဆေးပြီးမှ approval letter ကိုထုတ်ပေးမယ် ပြောပါတယ်။
အထက်ပါ ဆရာများ၏ ကြိုးပမ်းမှုတွေကြောင့် စာရေးသူတို့ မြန်မာကျောင်းသားတွေသာမက နိုင်ငံခြားသားကျောင်းသားများ
နောက်ဆိုရင်လည်း ၀င်ခွင့် PET ကို ဖြေစရာမလိုတော့ပါဘူး။ နိုင်ငံခြားသားကျောင်းသားများကို
ဝင်ခွင့်ဖြေဆိုမှုကနေ ကင်းလွတ်ခွင့် (Examption) ပေးလိုက်ပါပြီး။ ဒါကြောင့် နောက်လာမည့်
ကျောင်းသားများရှိရင်တော့ ဒီအတွက် စာရေးသူတို့လို ပူစရာမလိုပါဘူး။ အားလုံး အိုကေ သွားပါပြီး။
ဒါပေမယ့်
စာရေးသူတို့အဖွဲ့ကတော့ စောင့်လက်စမို့ စောင့်ရင်း
စောင့်ရင်းဖြင့်----
အရှင်ဣန္ဒော
(မြိုင်-ကမာ)
23.08.2012
ပြီးပါပြီ
0 comments:
Post a Comment